ကော်လဂျင် မသောက်ပဲ အသားအရေ လှချင်ရင် ဘာစားသင့်သလဲ
နုပျိုချင်ပေမယ့် ကော်လဂျင် ဖြည့်စွက်စာတွေ မသောက်ချင်တဲ့သူတွေ ရှိလား။ ကော်လဂျင်သောက်တာဟာ ဘေးထွက်ဆိုးကျိုးမရှိသလောက်နည်းတယ်ဆိုပေမယ့် ဘယ်လိုထုတ်လုပ်ထားမှန်း၊ ဘာတွေပါမှန်း သေချာမသိလို့ မသောက်ရဲတဲ့၊ မသောက်ချင်တဲ့သူတွေလည်း ရှိမယ်ထင်ပါတယ်။
ကော်လဂျင်ဆိုတာ လူနဲ့တိရိစ္ဆာန်တွေရဲ့ ခန္ဓာကိုယ် အရေပြားနဲ့ တွယ်ဆက်တစ်ရှူးတွေမှာ တွေ့ရတဲ့ ပရိုတင်းဖြစ်ပြီး အဲဒီပရိုတင်းတွေကို အမိုင်နိုအက်ဆစ်တွေအဖြစ် ဖြိုခွဲပြီး ဆဲအသစ်တွေ ဖြစ်ပေါ်စေပါတယ်။ ကော်လဂျင်က အသားအရေစိုပြေတာ၊ အိုမင်းရင့်ရော်မှုကို တားဆီးပေးတာ၊ အမာရွတ်တွေ၊ အနာတွေ အကျက်မြန်စေတာ၊ အရိုးနဲ့ ကြွက်သားတွေ သန်မာစေတာ စတဲ့ အာနိသင်တွေ ရှိပါတယ်။
အသက်ကြီးလာလို့၊ စိတ်ဖိစီးမှုတွေများလို့၊ နေရောင်ခြည်ထဲက UV rays တွေနဲ့ ထိတွေ့လို့ ကော်လဂျင်တွေ လျော့နည်းလာတဲ့အခါ ပြန်ဖြည့်ဖို့အတွက် ကော်လဂျင်အမှုန့်တွေ၊ အရည်တွေ၊ ဆေးလုံးတွေ မသောက်ချင်ဘူး ဆိုရင်လည်း ကိစ္စမရှိပါဘူး။ အစားအသောက်တွေကနေ ကော်လဂျင် ပြန်ဖြည့်လို့ ရပါတယ်။
ကော်လဂျင် ကြွယ်ဝတဲ့ အစားအစာတွေက ဘာလဲ?
(1) အရိုးပြုတ်ရည်
ကော်လဂျင်အရိုးပြုတ်ရည်က ရိုးရိုးသာမန် အရိုးပြုတ်ရည် မဟုတ်ပါဘူး။ ကြက်ရိုး၊ အမဲရိုးနဲ့ အရွတ်တွေကို နာရီပေါင်းများစွာကြာအောင် မီးအေးအေးနဲ့ ပြုတ်လိုက်တဲ့အခါ အရိုးထဲက ကော်လဂျင်တွေ ထွက်လာပြီး အရိုးပြုတ်ရည်ထဲမှာ ပျော်ဝင်နေပါတယ်။ အဲဒီအရိုးပြုတ်ရည်ကို အအေးခံထား၊ ခဲထားပြီး စွပ်ပြုတ်လုပ်သောက်တာ၊ ဟော့ပေါ့လုပ်သောက်တာမျိုး လုပ်လို့ရပါတယ်။
(2) အရေခွံထူပြီး အဆီများတဲ့ငါး
ငါးတွေကလည်း ကော်လဂျင်အပြင် အိုမီဂါသရီးဖက်တီးအက်ဆစ်နဲ့ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာပါ။ ငါးတွေရဲ့ အရေခွံမှာ ကော်လဂျင်ကို သိမ်းဆည်းထားတတ်လို့ ငါးစားရင် အရေခွံကို ဖယ်ပစ်တာမျိုး မလုပ်သင့်ပါဘူးနော်။
(3) ကြက်သား
ကြက်သားမှာ အရိုးနုတွေနဲ့ တွယ်ဆက်တစ်ရှူးတွေ များပြားတဲ့အတွက် ကော်လဂျင် ကြွယ်ဝပါတယ်။ အထူးသဖြင့် ကြက်ခြေထောက်ဟာ ကော်လဂျင် ဖြည့်ဆည်းဖို့အတွက် အကောင်းဆုံး အစားအစာတွေထဲကတစ်ခု ဖြစ်ပါတယ်။
(4) သစ်သီးတွေ
ဗိုက်တာမင်စီဟာ ကော်လဂျင် ထုတ်လုပ်မှုအတွက် အရေးအပါဆုံး ဗိုက်တာမင်ပါ။ ဗိုက်တာမင်စီ ကြွယ်ဝတဲ့ သံပုရာသီး၊ လိမ္မော်သီးတို့လို ချဥ်တဲ့အသီးတွေ၊ ဘယ်ရီသီးနဲ့ ကီဝီသီးတွေ များများစားသင့်သလို antioxidants ကြွယ်ဝတဲ့ ထောပတ်သီး၊ သရက်သီးတွေလည်း စားသင့်ပါတယ်။
(5) ဟင်းသီးဟင်းရွက်တွေ
နေ့စဥ်းစားသုံးတဲ့ ဟင်းသီးဟင်းရွက်တွေကနေလည်း ကော်လဂျင်ရနိုင်ပါတယ်။ အစိမ်းရောင်အရွက်တွေ၊ ခရမ်းချဥ်သီး၊ ငရုတ်ပွ၊ ပန်းဂေါ်ဖီ၊ ဘရိုကိုလီ၊ ကြက်သွန်ဖြူတွေက ကော်လဂျင်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေပါ။
ဒါတွေအပြင် အစေ့အဆန်တွေ၊ အခွံမာသီးတွေ၊ ပဲအမျိုးမျိုးနဲ့ ပဲပိစပ်ပဲတွေဟာလည်း ကော်လဂျင်ထုတ်လုပ်ဖို့ အထောက်အကူပေးတဲ့ အစားအစာတွေပါ။
ဖြည့်စွက်စာဆေးတွေ သောက်မှ မဟုတ်ပါဘူး။ အခုဖော်ပြခဲ့တဲ့ အစားအစာတွေကို ပုံမှန်စားပေးရင်လည်း ဆေးသောက်ရမှာ ကြောက်တဲ့ ဟက်ပီးလေးတို့ ကော်လဂျင်ဆေးတွေ ကြိတ်မှိတ်မျိုချနေစရာ မလိုတော့ဘဲ နုပျိူလှပကျန်းမာနိုင်မှာ အသေအချာပါပဲနော်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်